Menu

04.၄။ သတင်းတင်ပြမှုဆိုင်ရာ ပုံစံများ

သတင်းထောက် တစ်ဦးဟာ သူမြင်သမျှ၊ ကြားသမျှ အကြောင်းအရာများကို သတင်းများအဖြစ်
ပြန်လည်ရေးသားတင်ပြခြင်းဖြစ်ပါတယ်။ သို့သော် သူ့အနေဖြင့် လေ့လာသိရှိ ထားသမျှ အကြောင်းအရာများကို ပြန်လည်ရေးသားတင်ပြရာတွင် ပုံစံတစ်ခုဖြင့်တင်ပြခြင်းမျိုးဖြစ်ပါတယ်။ သတင်းအချက်အလက် (Information) ဟူသော ဝေါဟာရ အသုံးအနှုန်းသည်ပင်လျှင် အဓိပ္ပာယ် ဖွင့်ဆိုချက်ရှိပါတယ်။ Informatio(In-forme) ဟူသော လက်တင်စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး ပုံစံတကျ ဖွဲ့စည်းတင်ပြခြင်းဟုဆိုလိုပါတယ်။ ထို့ကြောင့် သတင်းအချက်အလက်များ ရေးသားခြင်းဟာ အကြောင်းအရာများကို ပြန်လည် ရေးသားတင်ပြရုံ သက်သက်ဖြင့်ကန့်သတ်မထားနိုင်ပါ။ သတင်းမီဒီယာ လောကတွင် မိမိတို့ တွေ့မြင်ရသည်များနှင့် ပြန်လည်ပုံဖော်ရေးသားခြင်းတို့ကြား အတိုင်းအတာထက် ပို၍ကျယ်ပြန့်သော သတင်း တင်ပြမှုပုံစံများစွာ ရှိပါသည်။

အခြေခံကျသော မေးခွန်းများနှင့် အဖြေများ

သတင်းထောက်တစ်ဦးအနေဖြင့် ပထမဦးစွာ လုပ်ဆောင်ရမည့်အရာမှာ အကြောင်းအရာဖြစ်ရပ်

တစ်ခုနှင့် ကြုံတိုင်း လူတိုင်းမေးကြမည့် ၊ မေးနိုင်သည့် မေးခွန်းများမေးရင်းဖြင့် လူထုနှင့် ထိတွေ့ ဆက်ဆံခြင်း ပင်ဖြစ်ပါတယ်။ ၎င်းမေးခွန်းများသည် အမြဲတစေ တူညီနေတတ်ပြီး ရရှိမည့်အဖြေများမှာလည်း တူညီနေတတ်ပါတယ်။ ပြန်လည်ဖြေကြားရမည့်အဖြေရဲ့အချက်အလက် ပမာဏအပေါ်မူတည်၍ အခြေခံ သတင်းတင်ပြမှု ပုံစံများလည်း ကွဲပြားသွားနိုင်ပါတယ်။

သတင်းပေးခြင်းသည် အကြောင်းအရာအချက်အလက်များ ပေးခြင်းဖြစ်သည်။

အခြေခံ အခရာကျသော မေးရိုးမေးစဉ် မေးခွန်းလေးခုရှိပါသည်။ ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်မှာလဲ၊

ဘယ်အချိန်လဲ။ မေးခွန်းတစ်ခုချင်းစီအတွက် သက်ဆိုင်ရာအဖြေများမှာ အခြေခံကျ၍ ရိုးရှင်းလှသည်။ ဝါကျ

တစ်ကြောင်းတွင် ပြုလုပ်သူ ကတ္တားပုဒ် (ဘယ်သူလဲ)၊ ကြိယာပုဒ် (ဘာလဲ)၊ နေရာပြပုဒ် (ဘယ်မှာလဲ)၊

အချိန်ပြပုဒ် (ဘယ်အချိန်လဲ) စသည့် အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသည်။

ဥပမာ- ဂျူးလီးယက်ဆီဇာသည် ဗြိတိန်နိုင်ငံသို့ မနေ့က မနက်ပိုင်းတွင် ဆိုက်ရောက်ခဲ့ပါတယ်။

အဖြစ်အပျက်တစ်ခုကို ဇာတ်ကြောင်းပြန်သော ပုံစံဖြင့် သတင်းအချက်အလက်ပေးခြင်းမျိုး ရှိပါသည်။

အတိုချုပ်သတင်းဆိုသည်မှာ သတင်းအချက်အလက်များကို အကျဉ်းချုံး၍ ဖော်ပြသော သတင်း

တင်ပြမှုပုံစံဖြစ်တယ်။ ဝါကျစာကြောင်းတစ်ကြောင်းတည်းဖြင့် အချက်အလက်အားလုံးကို အကျဉ်းချုံး၍

ဖော်ပြရန် လုံလောက်ပါတယ်။ ဥပမာ- လန်ဒန်မြို့သို့ ဦးတည်လာခဲ့သော ရောမဘုရင် ဂျူးလီးယက်ဆီဇာ

ဦးဆောင်သည့် စစ်သည်ရဲမက်အဖွဲ့ ကြီးနှစ်ဖွဲ့နှင့် မြင်းစစ်သည်တော်အဖွဲ့သည် ဖြတ်သန်းလာခဲ့ရသည့် ရွာစဥ် တစ်လျှောက် တော်လှန်ပုန်ကန်မှုရယ်လို့ တစ်ခုမှမတွေ့ခဲ့ရဘဲ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်အပြီး ပင်လယ် ငြိမ်သက်နေပြီး မြူတွေအုံ့ဆိုင်းနေချိန် မနေ့ကမနက် ၆ နာရီခွဲဝန်းကျင်ခန့်တွင် ဂရိတ်ဗြိတိန်နိုင်ငံသို့ ကမ်းကပ်ဆိုက်ရောက်ခဲ့လေသည်။ ဤသတင်းတင်ပြမှုပုံစံတွင် အပိုအရေးအသားဟူ၍ မပါဝင်ပါ။

အကြံပြုချက်- ကြိယာဝိသေသနများနှင့် နာမဝိသေသနများ သုံးနှုန်းခြင်းကို ရှောင်ကြဉ်ရပါမယ်။

မှတ်တမ်းပုံစံ သတင်းတင်ပြမှုသည် အချက်အလက်အများဆုံးပေးသောပုံစံမျိုး ဖြစ်သည်။ စာဖတ်သူများထံ

မိမိတို့သိထားသော အချက်အလက်များကို အရှင်းလင်းဆုံးပုံစံဖြင့် တင်ပြနိုင် ရန်အတွက် အကြောင်းအရာ

တစ်ခုနှင့်တစ်ခုကို အချိတ်အဆက်မိမိဖြင့် ရှေ့နောက်အစီအစဉ်တကျ အသေးစိတ်ရေးသား တင်ပြခြင်း မျိုး

ဖြစ်ပါတယ်။ အဓိကကျသော ဝါကျများ ထည့်သွင်းပေးရုံဖြင့်လုံလောက်ပါတယ်။ ဥပမာ-အင်အား ကြီးမား

သည့်စစ်သည်ရဲမက်အဖွဲ့ကြီးနှစ်ဖွဲ့နှင့် မြင်းစစ်သည်တပ်ဖွဲ့များကို ဦးဆောင်လာသော ဂျူးလီယက်ဆီဇာသည် မနေ့ကမနက်တွင်ဂရိတ်ဗြိတိန်နိုင်ငံဆီသို့ဆိုက်ကပ်ခဲ့လေသည်။ညအချိန် အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ကျော်အပြီး ဒူး(ဗ်)ကမ်းခြေကို ဆိုက်ရောက်ချိန်တွင် မနက်(၆)နာရီ ဝန်းကျင်ခန့်ပင်ရှိနေလေပြီ။ မြူခိုးများအုံဆိုင်းလျက် ပင်လယ်ပြင်ကြီးဟာလည်း ငြိမ်ချက်သားကောင်းနေပြန်ပါတယ်။ ထိုအချိန် ဗြိတိသျှကင်းစောင့်တပ်မှ လှေအစီးငါးဆယ်ခန့်နှင့် လူအပြည့်တင်ဆောင်လာသော သင်္ဘောအစီးတစ်ရာခန့်ကို တွေ့ရသဖြင့်

တပ်လှန့်သတိပေးပါတော့တယ်။ … စသည်ဖြင့် သတင်းအချက်အလက်ပြည့်ပြည့်စုံစုံဖြင့် ဇာတ်ကြောင်း

ပြန်ပြောရေးသားထားခြင်းတို့ဟာဒီအမျိုးအစားမှာပါဝင်ပါတယ်။ အချက်အလက်ပြည့်ပြည့်စုံစုံ ရေးသား

ထားသော သတင်းများ၊ အဖြစ်အပျက်များကို သုံးသပ်ချက်မပေးဘဲဖော်ပြခြင်းတို့ လည်း ပါတယ်။

သရုပ်ဖော်ခြင်းဖြင့် သတင်းအချက်အလက်ပေးခြင်းဟာ သတင်းအစီရင်ခံတင်ပြခြင်းဖြစ်ပါတယ်။

သတင်းအစီရင်ခံရေးသားခြင်းသည် နှစ်ခြိုက်စရာ သတင်းတင်ပြမှုပုံစံဖြစ်သည်။ ဇာတ်လမ်း ဆန်ဆန်

အရေးအသားတစ်ခုမှာ ပြန်ပြောင်းပြောပြသော အချက်အလက်များရဲ့သရုပ်ဖော်ခြင်းကို ထပ်မံဖြည့်စွက် ထားခြင်းဖြစ်ပါတယ်။ ဤသရုပ်ဖော် အရေးအသားတွင် အရောင်များ၊ အသံများ၊ စိတ်ခံစားချက်များ၊

မျက်မြင်သက်သေများ၊ ဘဝဇာတ်ခုံအစုံစုံ၊ အနိဋ္ဌာရုံ မြင်ကွင်းများ စသည်တို့ကို အနုစိတ်ထည့်သွင်း

ရေးသားခြင်းမျိုး ဖြစ်ပါတယ်။ တကယ်မြင်နေရသလိုမျိုး တင်ဆက်ထားခြင်းမျိုး ဖြစ်ပါတယ်။ တွေ့ရာမြင်ရာ၊ကြားရာ အချက်အလက်များကို ကြိယာဝိသေသနများ၊ နာမဝိသေသနများကို ထည့်သွင်းအသုံးပြုခြင်းဖြင့်အကြောင်းအရာများကိုလေးနက်ကျစ်လစ်သွားစေပါသည်။ ဥပမာ- ဂျူးလီယက်ဆီဇာသည် မနေ့ကနံနက်တွင်ဂရိတ်ဗြိတိန်သို့ ရင်သပ်ရှုမောဖွယ် ခမ်းနားထည်ဝါစွာဖြင့် ဆိုက်ရောက်လာခဲ့ပါသည်။ ချပ်ဝတ်တန်ဆာအပြည့်အစုံဆင်မြန်း၍ မုတ်ဆိတ်ကျင်စွယ်များကိုလည်း သေသေသပ်သပ်ရိတ်ထားပြီး သူ့ဆီမှ ရေမွှေးနံ့မှာသင်းပျံ့ကြိုင်လှိုင်နေတယ်။ သူ၏ချပ်ဝတ်တန်ဆာမှာ ထွန်းသစ်စနေရောင်အောက်တွင် တဖိတ်ဖိတ်လက်နေတယ်။ ဒူး(ဗ်)ကမ်းခြေသို့ ရောက်ခါနီး ရောမဘုရင်ဆီဇာအားမြင်လိုက်ရသော ဗြိတိသျှကင်းစောင့်တပ်မှပြောကြားချက်အရ သူဟာ ကမ်းခြေသို့ ရောက်လုရောက်ခင်လေးတွင် ဝမ်းသာအားရဖြင့် အားပါးတရအော်ဟစ်ကျုံးဝါးခဲ့ပါသေးတယ်။ ဆောင်းပါးအရေးအသားရှည် သွားသော်လည်း သရုပ်ဖော် အသုံးအနှုန်းမှန်သမျှသည် သတင်းအစီရင်ခံ တင်ပြရေးသားခြင်းတွင် အထောက်အပံ့ကောင်းကောင်းပေး နိုင် ပါသည်။

ဖြည့်စွက်မေးခွန်းများနှင့် ဖြည့်စွက်အဖြေများ

တခါတရံတွင် သတင်းအချက်အလက်ပေါ်မူတည်၍ ထပ်မံဖြည့်စွက်နိုင်သည့် မေးခွန်း နှစ်ခုရှိနိုင်

ပါတယ်။ “ ဘယ်လိုလဲ၊ ဘာကြောင့်လဲ” ။ သတင်းအချက်အလက် အကြောင်းအရာ များကို ချက်ချင်း

နားမလည်နိုင်သည့် အခြေအနေမျိုးတွင် ထိုမေးခွန်းနှစ်ခုကို ထပ်လောင်း၍ မေးတတ်ကြပါတယ်။ သတင်း

အကြောင်းအရာတွေကို ဂဂဏဏ နားလည်ဖို့ ရည်ရွယ်၍ သတင်းထောက် အနေဖြင့် အသေးစိတ်

ရှင်းလင်းချက်များ ကို ထည့်သွင်းရေးသား ဖော်ပြလေ့ရှိပါတယ်။

သတင်းပေးခြင်းသည် ရှင်းလင်းချက်များပေးခြင်း ဖြစ်သည်။

ဖြစ်စဥ်အကြောင်းအရာများအပေါ် “ ဘယ်လိုလဲ၊ ဘာကြောင့်လဲ” ဟူသော မေးခွန်းများနှင့်ပတ် သက်၍ ဖြေကြားချက်ပေးခြင်းသည် ၎င်းတို့၏ မူလဇစ်မြစ်များ၊ အကြောင်းရင်းများ ၊ဖြစ်ပေါ်ရန်စေ့ဆော်ပေးမှုများ၊ ရည်ရွယ်ချက်များနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပေးခြင်းဖြစ်သည်။ အဖြစ်အပျက် အကြောင်းအရာများကို အပြင်ပန်းရှုထောင့်မှသည် အစစ်အမှန်အခြေအနေပေါ်လွင်သည်အထိ အနီးကပ်

ထဲထဲဝင်ဝင် လေ့လာသုံးသပ်ခြင်း နှင့် ဆိုလိုရင်း အမှန်ကို ဖော်ထုတ်ခြင်းပင် ဖြစ်ပါတယ်။

ဆန်းစစ်လေ့လာသုံးသပ်၍ ရှင်းလင်းချက်ပေးခြင်းဟာ သတင်းစုံစမ်းရှာဖွေခြင်းပါ။

စုံစမ်းရှာဖွေတယ်ဆိုတာ အကြောင်းအရာတစ်ခုအပေါ်အသေးစိတ်ဆန်းစစ်လေ့လာသုံးသပ်၍ ဖော်ပြ

တဲ့ သတင်းတင်ပြမှုပုံစံဖြစ်သည်။ အချက်အလက်တွေကို နားလည်သဘောပေါက်စေရန် ဖြစ်ပါတယ်။ ပါဝင်တဲ့အပိုင်းတွေထဲက အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းဖြစ်ပါတယ်။ ဂျူးလီယက်ဆီဇာ

ဂရိတ်ဗြိတိန်သို့ မနေ့နံနက်က ဆိုက်ရောက်ခဲ့သလား ဆိုသည့် မေးခွန်းနဲ့ပတ်သက်၍ ရောမဘုရင်ဆီဇာ၏

ရည်ရွယ်ရင်းအကြောင်းအရာ၊ ခရီးစဉ်နှင့် ပတ်သက်၍ မည်သို့မည်ပုံပြင်ဆင်ခဲ့ရပုံများ၊ စစ်သည်အင်အား

ပမာဏနှင့် စစ်ပွဲဆိုင်ရာနည်းဗျူဟာ ရေးဆွဲမှုများ စသည့်အကြောင်းအရာများအပေါ် ရှင်းလင်း ရေးသား

တင်ပြနိုင်ရန်အတွက် သတင်းထောက်သည် ရနိုင်သမျှ သတင်းအချက်အလက်များကို စုဆောင်း ထား

ရမည်ဖြစ်ပါတယ်။ ထိုလေ့လာဆန်းစစ်ခြင်းအလုပ်မှာ ရေးသားမယ့်အကြောင်းအရာ နှင့်ပတ်သက်၍ ကောင်းစွာသိရှိခြင်း၊ သင့်လျော်သောစာရွက်စာတမ်း၊ ယုံကြည်စိတ်ချရနိုင်သော သတင်း အရင်းအမြစ်များ၊ တိကျသောသက်သေသက်ကာရများ၊ စဉ်းစားတွေးတောရန်အချိန် စသည်တို့ ပါဝင်နေပါတယ်။ မြင်သာမှုမရှိသော အချက်အလက်များကြောင့် စုံစမ်းလေ့လာမှု ပြုလုပ်သည့်အခါ တခါတရံ အချို့သောအကြောင်းအရာများအပေါ် ရှင်းလင်းချက်မပေးနိုင်သည့် အခြေအနေမျိုးနှင့်လည်း ကြုံတွေ့နိုင်ပါတယ်။ ထို့ကြောင့် သတင်းထောက်အနေဖြင့် သိရှိထားသော အချက်အလက်များကို ကျော်လွန်၍ စူးစမ်းရှာဖွေမှုများ ပြုလုပ်နိုင်ရပါမယ်။ ဤသို့ဆိုလျှင် စုံစမ်းမေးမြန်းစစ်တမ်း ကောက်ယူခြင်းသည် ဖြစ်ရပ်တစ်ခုအပေါ် အသေးစိတ် ထဲထဲဝင်ဝင်လေ့လာသုံးသပ်ခြင်း နည်းအားဖြင့် ဖော်ပြထားသော သတင်းတင်ပြမှု ပုံစံဖြစ်ပါတယ်။

ဆန်းစစ်လေ့လာသုံးသပ်ခိုင်း၍ ရှင်းလင်းချက်ပေးခြင်းဟာ တွေ့ဆုံမေးမြန်းခြင်းပါ။

တွေ့ဆုံမေးမြန်းခြင်းသည် အခြားသူတစ်ဦးတစ်ယောက်အား ကိုယ်စားဝင်၍ ဖြစ်ရပ်တစ်ခု အပေါ်

ဆန်းစစ်လေ့လာသုံးသပ်ခိုင်းခြင်းပင် ဖြစ်ပါတယ်။ သတင်းထောက်ကိုယ်တိုင် ရှင်းလင်းချက် မပေးနိုင် သည့်အခြေအနေမျိုးတွင် သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး၏ ယူဆချက်အမြင်ကို တောင်းခံ

ရမှာဖြစ်ပါတယ်။ ဥပမာ- “ ရောမဘုရင်ဆီဇာအကြောင်းကို ကောင်းကောင်းသိထားသူ မစ္စတာ ဘရူးကျူ

အနေနဲ့ ဆီဇာ ဂရိတ်ဗြိတိန်သို့ ဆိုက်ရောက်လာခဲ့သည့်အကြောင်းကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား

ပေးစေလိုပါတယ် …..” အမေးအဖြေပုံစံဖြင့် တွေ့ဆုံမေးမြန်းခြင်း ဟာ အရှင်းလင်းဆုံး ဖြစ်ပါတယ်။

သတင်းပေးခြင်းဟာ မိမိနားလည်ထားသည်တို့ကိုပြောပြပေးခြင်းပါ။

ပြန်ပြောင်းပြောပြ သတင်းပေးခြင်း၊ သရုပ်ဖော်သတင်းရေးသားတင်ပြခြင်း၊ ဖြစ်စဉ်တစ်ခု အပေါ်

အသေးစိတ်သုံးသပ်တင်ပြနည်း စသည့်နည်းလမ်းပေါင်းစုံ သုံးသည့်တိုင် အချက်အလက်သတင်းများ နှင့်

ပတ်သက်၍ ရှင်းလင်းမှု မရှိခဲ့လျှင် သတင်းထောက်အနေဖြင့် မိမိဘာသာ အချက်အလက် အကြောင်းအရာများအပေါ် နားလည်သဘောပေါက်လာအောင် အနက်ဖော်ယူရမည်။ ဖြစ်စဥ်အကြောင်းအရာတစ်ခုလုံးကို အစစ်အမှန်သဘောဖြင့် မတင်ပြနိုင်သောအခြေအနေမျိုးတွင် သတင်းထောက်တစ်ဦးအနေဖြင့် ၎င်းတို့ကိုအချက်အလက် အပိုင်းအစများမှတဆင့် နားလည်သဘောပေါက်လာအောင် ကြိုးပမ်းရမည်။

အကဲဖြတ်သုံးသပ်ပြီး ရှင်းလင်းချက် ပေးခြင်းဟာ ဝေဖန်သုံးသပ်ခြင်းပါ။

သတင်းရေးဆရာ တစ်ယောက်သည် သူ၏အယူအဆထင်မြင်သုံးသပ်ချက်များကို စာဖတ်သူများနှင့် မျှဝေဖို့ရန်အတွက် နည်းလမ်းမျိုးစုံရှိပါတယ်။ ဒါပေမယ့်အကုန်လုံးဟာ ဝေဖန်ချက်ပုံစံတွေ – အတွေးအမြင် ဆောင်းပါးတို၊ ပင်တိုင် ဆောင်းပါးရှင်ကဏ္ဍ၊ ၊ ရုပ်ပုံ တို့ဖြစ်နေကြတယ်။ မနေ့ကမနက်က ဂျုးလီယက်ဆီဇာ ဂရိတ်ဗြိတိန်သို့ဆိုက်ရောက်လာခဲ့သလား။ သူနဲ့အတူ လိုက်ပါလာသူတွေ ကို ကြည့်ခြင်းဖြင့် ရောမဘုရင် ဆီဇာတစ်ယောက် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်လာတာ ခရီးသွား တစ်ယောက်လို လာရောက် လည်ပတ်  တာတော့မဖြစ်လောက်ဘူး … သတင်းရေးဆရာ၏ ဝေဖန်သုံးသပ်ရေးသားတင်ပြချက် သည် မည်သည့်  အတိုင်းအတာအထိ လျော်ကန်သင့်မြတ်မှုရှိသလဲ ဆိုသည့်အချက်ကို အကဲဖြတ်ကြမည့် သူများမှာ စာဖတ်သူများ ပင်ဖြစ် နေပါတော့တယ်။

အဆုံးသတ် ကောက်ချက်ချ ပေးခြင်းဟာ အယ်ဒီတာ့အာဘော်ကဏ္ဍပါ။

အကယ်၍သတင်းရေးဆရာတစ်ဦးသည် စိစစ်လေ့လာအကဲဖြတ်ထားသော သတင်းအချက်အလက် အကြောင်းအရာများ အပေါ် ထိမိသောဝေဖန်သုံးသပ်ချက် ရေးသားလိုက်လျှင် ၎င်းသည် အယ်ဒီတာ့အာဘော်တွင် အကျုံးဝင်သွားပါတယ်။ ဥပမာ-ဂျူးလီယက်ဆီဇာသည် ဂရိတ်ဗြိတိန် သို့ဆိုက်ရောက်ခဲ့လေပြီ။ ဘုရားသခင်သည် အယ်လီဇဘတ်ဘုရင်မအား ကယ်တင်ပေးတော်မူပါလိမ့်မည်။ စာဖတ်သူအနေဖြင့် အဲဒီရှုထောင့်အမြင်ကိုအယ်ဒီတာနဲ့အမြင်တူ သည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းသည် အယ်ဒီတာ၏ ထင်မြင်ယူဆချက်ကိုရှင်းလင်းသွားစေပြီး သတင်းအချက်အလက်တစ်ခုအဖြစ် အကျုံးဝင်သွားမည်သာ ဖြစ်ပါတယ်။