Menu

22.၂၂။ Vox Pops

ရေဒီယို ဌာနသည် နားဆင်သူများနှင့် အဆက်သွယ်မပြတ်နေရသည်။ တခါတရံနားဆင်သူများကို လည်း ပြောဆိုခွင့်ပေးသည်။ သတင်းထောက်သည် နားဆင်သူများကို အပြင်တွင်၊ လမ်းပေါ်တွင် သွားရောက်ရှာဖွေသည်။ ထိုအရာကို Vox Pop ဟုခေါ်သည်။                           

Vox Pop တစ်ခု၏ ကြာချိန်

၁မိနစ် စက္ကန့် ၃၀ သို့မဟုတ် ၁မိနစ်

Vox Pop ၏ အဓိပ္ပါယ်

Vox Pop ဆိုသည်မှာ လူအများကို တူညီသည့်မေးခွန်းတစ်ခုတည်းမေးကာ တည်းဖြတ် တင်ဆက်ခြင်း ဖြစ်သည်။

Vox Pop တစ်ခုထဲမှာ ဘယ်သူတွေပါဝင်စကားပြောသလဲ။

Vox Pop ဟူသည့်စကားရပ်သည် လက်တင် စကားဖြစ်သည့် Vox populi မှလာပြီးလူတွေ၏ အသံဟုအဓိပ္ပါယ်ရသည်။ သာမန်လူထု၏အသံသည် Vox Pop ထဲတွင်ပါသည်။ ထိုအသံများသည် ဝန်ကြီးများ၊ ရှေ့နေများ၊ အမှုဆောင်အရာရှိချုပ်များ၊ ဗိုလ်ချုပ်များ သို့မဟုတ် ယူနီဖောင်းဝတ်ဝန်ထမ်းများ၏ အသံမဟုတ်ချေ။

Vox Pop ကို ဘယ်မှာလုပ်ရသလဲ။

သာမန်လူများကို သင်တွေ့နိုင်သည့်နေရာများ၊ လမ်းမပေါ်၊ စျေး စသည့်နေရာများ။

Vox Pop တစ်ခုတွင် လူဘယ်နှစ်ယောက်ပါသလဲ။

ခြောက်ယောက်သည် အတော်အသင့်ဖြစ်သည်။ တစ်ယောက်ချင်းစီသည် ၁၅ စက္ကန့်ခန့်ပြောသည်။ အကယ်၍ ပိုတိုတောင်းသည့်ပုံစံဖြင့်ပြုလုပ်ချင်ပါက ၄ယောက်၅ယောက်သည် လုံလောက်သည်။

Vox Pop တစ်ခုကို ဘယ်လိုလုပ်သလဲ။

ဦးစွာ မေးခွန်းတစ်ခုကို သင်ရွေးချယ်ရမည်။ ထို့နောက် လမ်းပေါ်သို့တက်ပြီး ဖြတ်သွားဖြတ်လာများကို ထိုမေးခွန်းမေးရသည်။ သင်သည် တွေ့ဆုံမေးမြန်းမှုမဟုတ်ပဲ Vox Pop တစ်ခုပြုလုပ်နေသည်ဖြစ်သောကြောင့် မေးခွန်းတစ်ခုသာမေးရမည်။ Vox Pop လုပ်သည့်အချိန်တိုင်း တူညီသည့်နေရာတွင်ပြုလုပ်ခြင်းကို ရှောင်ပါ။ သို့မဟုတ်ပါက တူညီသည့် သူများကို မေးသကဲ့သို့ဖြစ်ချေမည်။

Vox Pop ကိုမည်ကဲ့သို့ မိတ်ဆက်ပြောရမလဲ။

Vox Pop သည် စစ်တမ်းကောက်ယူခြင်းမဟုတ်ပါ။ ထိုအရာသည် သိပ္ပံနည်းကျ ဆန်းစစ်မှု မဟုတ်ပါ။ ထိုအရာသည် လျှပ်တစ်ပျက်ရိုက်ချက်သာဖြစ်သည်။ ပုံသေနည်းဖြင့် စကားလုံးစီထားခြင်းကိုရှောင်ပါ။

အခြားသတင်းများကဲ့သို့ပင် Vox Pop ကို တင်ဆက်သူက ‘ဘ’၅လုံးကို ဖြေကြားခြင်းနှင့် ရှုထောင့်ကိုမေးသည့်မေးခွန်းကို ပြောပြခြင်းတို့ကို ပြုလုပ်ရသည်။ သတင်းထောက်က မိတ်ဆက်ရေးပေးရပြီး ထိုမိတ်ဆက်ကို တင်ဆက်သူ၏ အသံနှင့် ကိုက်ညီအဆင်ပြေအောင် ပြန်လည်ပြင်ဆင်ရေးသားသည်။