Menu

24.၂၄။ ရေဒီယိုအတွက် အထူးစည်းမျဥ်း ဥပဒေသများ။

ရေဒီယိုမှ သတင်းထုတ်လွှင့်ခြင်းသည် ခေတ်စားသောမီဒီယာ ဖြစ်သည်။ ခေတ်စားသည်ဆိုရာတွင် သတင်းများကို ဖြစ်လျှင်ဖြစ်ချင်းယူဆောင်လာပေးနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင်ရေဒီယိုသည် ကြီးကြီးငယ်ငယ်၊ ကျားမ မရွေးတစ်ယောက်ကိုတစ်ယောက် စကားပြောနေကြခြင်းနှင့်လည်းတူသည်။ ထိုအရာသည် အသံဖြစ်သည်။ သို့သော မြန်ဆန်မှုနှင့် ပါတ်သက်လာလျှင် သတိထားရန် လိုအပ်သည်။ ကောလဟာလများ သို့မဟုတ် ကြားဖူးနားဝများ ကိုပြန်လည်ဖြန့်ဝေခြင်းမပြုသင့်ချေ။ သမိုင်းတစ်လျှောက် တိကျမှုနှင့် ဓမ္မဓိဌါန်ကျမှုမရှိမှုကြောင့် မည်သည့်အရာများဖြစ်ပွါးနိုင်သည်ကို သိရှိပြီးဖြစ်သည်။       

လေလှိုင်းမှ ပေးပို့ခြင်း – မှန်ကန်သည့် အသံနေအသံထား။

လက်တွေ့ဘဝထက် လေလှိုင်းပေါ်တွင် စကားကို ပို၍ နှေးနှေးပြောလေ့ရှိသော်လည်း ရုပ်ပုံများမြင်ယောင်နိုင်ရန်အတွက် သရုပ်ဖော်ပြရမည်၊ ရှင်းပြပြောဆိုရမည်။ စက်ရုပ်များကဲ့သို့ မဟုတ်ပဲ အသက်ဝင်အောင်ပြောပြရမည်။ သင်၏ ကိုယ်ပိုင်ဟန်နှင့်ကိုက်ညီမှုရှိသည့် ရိုးရှင်းပြီး မှန်ကန်သည့် စတိုင်တစ်ခုကိုရှာဖွေရမည်။ စကားလုံးအနည်းငယ်ဖြင့် သင်သည် ကွင်းပြင်ကျယ်ကြီး တစ်ခုအတွင်းသို့ လူများဝင်ရောက် ပြည့်နက်လာပုံကို ထိုနေရာတွင် သင်ရှိနေသည့်အတိုင်းပြောပြနိုင်ရမည်။ လေလှိုင်းပေါ်တွင် သင်၏ ကိုယ်ပိုင်ပုံစံဖြင့်ရှိနေရန် အတွက် နာနာလေ့ကျင့်ပေးရန်လိုသည်။

အခြားသူများကို လေးစားခြင်း။

ကျွနု်ပ်တို့၏ အလုပ်သည် အခြားသူများ၏ အသံကိုကြားနုိင်ရန်အတွက် အသံပေးခြင်း ဖြစ်သည်။ လူထုသည် အမှန်တရားကိုသိရှိရန်လိုအပ်သည်။ ထို့အပြင်လူတိုင်းသည် ပုဂ္ဂလလွတ်လပ်မှု နှင့် လေးစားမှု တို့ကိုပိုင်ဆိုင်သည်။ အသရေဖျက်ခြင်းနှင့် မဟုတ်မမှန် ပြောဆိုစွပ်စွဲခြင်းကို တားမြစ်ထားသည့် တင်းကြပ်သည့် စည်းမျဥ်း ဥပဒေများ ဥရောပနိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတွင်ရှိသည်။

တိကျမှု

အားလုံးကို အချက်အလက်စစ်ဆေးပါ။ ပထမသတင်းအရင်းအမြစ်မှပေးသည့် သတင်းအချက်အလက်ကို ဒုတိယ တစ်ဦးဖြင့် စကားပြောခြင်းဖြင့် စစ်ဆေးပါ။ သံသယနည်းနည်း ဝင်သည်နှင့် အချက်အလက်များကို ထပ်ကာပြန်စစ်ဆေးပါ။ လေလှိုင်းပေါ်တွင် သင်သည် သိရှိပြီးသား အချက်အလက်များကို ပြောပြနေမည်ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံရေးသမားတစ်ယောက် ၏ ပြောစကားကို ပြန်လည်ပြောပြနေသည်ဆိုပါက စကားလုံးများကို သေချာစွာရွေးချယ်ပါ။ တိကျသေချာမှုရှိပါစေ။

ဘက်မျှမှု

ငြင်းခုန်မှုတစ်ခု၏ ဘက်အားလုံးကို ပြသရန် ကြိုးစားပါ။ အထူးသဖြင့်အငြင်းပွါးဖွယ်ရာ လူမှုရေး၊ နိုင်ငံရေး၊ သို့မဟုတ် စီပွါးရေးအကြောင်းကိစ္စများနှင့်ပါတ်သက်သည့်အချိန်တွင် ဖြစ်သည်။

ရှင်းလင်းမှု

သင်၏ ရေဒီယိုကို နားဆင်သူ အများစုသည် အခြေခံလိုအပ်ချက်များတွင် စိတ်ဝင်စားကြသည်။ သူတို့၏ ဘာသာစကားသည်ရိုးရှင်းသည်။ အကယ်၍ သင့်ကို နားဆင်နေသူသည် သင်ပြောနေသည့်စကားများ၊ သင်စုံစမ်းဖော်ထုတ်ပေးထားသည့်အရာများကို နားမလည်ပါက ထိုအရာများအားလုံး အလဟသဖြစ်သည်။

ဝေဖန်တုံ့ပြန်ခြင်းမပြုလုပ်ပါနှင့်

ဝေဖန်တုံ့ပြန်ခြင်းသည် အမှန်အမှားဆုံးဖြတ်ပေးခြင်းဖြစ်သည်၊ ထင်မြင်ချက်ပေးခြင်းဖြစ်သည်။ သင်သည် ထိုသို့ပြုလုပ်ရန်အတွက် ဤနေရာတွင် ရောက်နေခြင်းမဟုတ်ပါ။ အချက်အလက်များအပေါ်တွင်သာ အာရုံစိုက်ပါ။

သင်၏သတင်းရင်းမြစ်ကို ကာကွယ်ပါ။

လူထုလိုက်လံရှာဖွေနေသော အမှန်တရားအတွက် သတင်းအချက်အလက်ပေးခြင်းဖြစ်သည်။ အချို့သတင်းများကို ထုတ်လွှင့်ခြင်းသည် လူတစ်ချို့သို့မဟုတ် အဖွဲ့အစည်းတစ်ချို့ကို စိတ်ဆိုးစေနိုင်သည်။ သတင်းများကို လူအများသိအောင်ထုတ်လွှင့်ခြင်းဖြစ်သကဲ့သို့ တစ်ခါတစ်ရံ အချို့သူများ၏ အမည်မသိထုတ်ဖိုလိုမှုကို အာမခံချက်ပေးရမည်။ သတင်းအချက်အလက်ကို ပေးသည့် သတင်းရင်းမြစ်များသည် လျို့ဝှက်မှုတစ်ခုခု အောက်တွင်ပေးရခြင်းဖြစ်သောကြောင့် သတင်းသမားသည် သူ၏ သတင်းအရင်းအမြစ်ကို ကာကွယ်ရမည်။ သတိထားရန်။ ။ ဤနည်းလမ်းသည် အထူးသတင်းများထုတ်လွှင့်ရန်အတွက် တစ်ခုတည်းသောအခြေအနေ အတွက် ချွင်းချက်ဖြစ်သည်။  

သတင်းခန်းနှင့် အဆက်သွယ်မပြတ်ခြင်း။

ဤအရာသည် ပဋိပက္ခဖြစ်ပွါးသည့်အချိန်အတွက်ကော၊ ငြိမ်းချမ်းနေသည့်အချိန် အတွက်ပါဖြစ်သည်။ ဌာနတွင် တင်ဆက်သူနှင့် အယ်ဒီတာသည် ထုတ်လွှင့်မှုကို ကောင်းမွန်စွာ လုပ်နိုင်ရန်အတွက် သင်မည်သည့်အခြေအနေတွင်ရောက်နေသည်ကို သိရှိရန်လိုအပ်သည်။