Menu

09.၉။ အသံပိုင်းဆုိင်ရာ အလေ့အကျင့်။

အသံကောင်းတိုင်း ရေဒီယိုဌာနတွင် အလုပ်လုပ်ရမည်လား။ အသံကောင်းလျှင်ပိုကောင်းသော် လည်း အချို့တင်ဆက်သူများသည် အသံဆိုးကြီးဖြင့်အောင်မြင်နေသည်များလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် မည်ကဲ့သို ့အလုပ်လုပ်ရမည်ကို သိ၍ဖြစ်သည်။ ကျွမ်းကျင်မှုမရှိသော ဂီတပညာရှင်လက်တွင်းသို့ အလွန်ကောင်းမွန်သော တူရိယာတစ်ခုခုကို ထည့်ပေးလိုက်ပါ၊ သူ၏ တီးခတ်မှုသည် ဆိုးရွားမြဲဆိုးရွားနေပေမည်။ ပါရမီရှိသူလက်တွင်းသို့ နုံချာသော တူရိယာထည့်ပါလိုက်ပါက မှော်အစွမ်းကဲ့သို့ ကောင်းမွန်သည့် စည်းချက်နှင့် အသံများထွက်လာမည်။ ရေဒီယိုတွင် သင်၏အသံကို သင်ကိုယ်တိုင်ရေးရသည်။ ဤသည်မှာ အခက်ခဲဆုံးလမ်းဖြစ်သည်။

သင်၏အနီးပတ်ဝန်းကျင်ရှိသူများ စကားပြောပုံကို နားထောင်ကြည့်ပါ၊ အချို့သည် စကားကို မြန်မြန်ပြောတတ်ပြီး အချို့သည် ြဖည်းဖြည်းပြောသည်။ ဤသည်မှလူတစ်ဦးချင်းစီတွင် ကွဲပြားသည့်အချက်ဖြစ်သည်။ ရေဒီယိုတွင် သင်၏ကိုယ်ပိုင် သဟဇတဖြစ်မှုကို ရှာရမည်။

ပထမစည်းမျဥ်း။ ။ တစ်စုံတစ်ယောက်နှင့်စကားပြောပါ

သင်သည် စင်မြင့်ထက်တွင် မိန့်ခွန်းပြောနေခြင်းမဟုတ်ပါ၊ သင်သည်တစ်စုံတစ်ယောက်ကို စကားပြောနေခြင်းဖြစ်သည်။ သင့်မျက်လုံးကို စာရွက်ဖြင့်ကပ်မထားပါနှင့် အင်ဂျင်နီယာကို ကြည့်ပါ။ သူသည်သင်၏ ပထမဦးဆုံးနားထောင်သူနှင့် သူငယ်ချင်းဖြစ်သည်။ သူသည် သင့်ကိုအရှိန်လျှော့ရန်ပြောပြနိုင်သည်။ ရေဒီယိုတွင် သင်သည် အပြင်ကထက် ပို၍ ဖြည်းဖြည်း ပြောရမည်။

ဒုတိယစည်းမျဥ်း။ ။ ပြောမည့်စကားကိုချရေးပါ။

စာစကားတွင် နှုတ်ထွက်စကားတို့အတိုင်း ဂီတကိုရှာမတွေ့နိုင်ပါ။ သင်ရေးနေသည့်အချိန်တွင်ပင် စာကြောင်းများကို တိုးတိုးရွတ်ပါ။ ထိုသို့ပြုလုပ်ခြင်းကြောင့် သင်၏စကားများစီးဆင်းရာတွင် ပို၍ လွယ်ကူလာကြောင်းတွေ့ရမည်။ ဤနည်းဖြင့် အသံထွက်ရန်ခက်ခဲသော စကားလုံးများကို ရှောင်ကျဥ်နိုင်ခြင်းနှင့် မိုက်ရှေ့တွင် ပြောရာတွင် စကားထစ်ခြင်းကိုရှောင်နုိင်သည်။

တတိယစည်းမျဥ်း။ ။ သင်၏အသံကို ဖွင့်ထုတ်ပါ။

မိုက်နှင့်မျက်နှာချင်းဆိုင်သည့် ပထမအကြိမ်းအနည်းငယ်တွင် လူများသည်ရှက်တတ်သည်။ ဇာတ်ညွှန်းကို ကိုယ့်ကိုကိုယ် စာဖတ်ပြနေသကဲ့သို့ တစ်သတ်မတ်တည်းအသံဖြင့်ဖတ်လေ့ ရှိသည်။ ဇာတ်ညွှန်းကိုဖယ်၍ ရေးထားသည့်အတိုင်းပြောပြခိုင်းပါ။ ကွဲပြားမှုကိုချက်ချင်းမြင်တွေ့နိုင်သည်။ ထိုအရာသည် သင်၏ ပင်ကိုယ်သံနှင့် သတင်းဖတ်ရာတွင်ထားသည့် အသံနေအသံထား၏ သဟဇတ ြဖစ်မှုကိုတွေ့ရှိခြင်းဖြစ်သည်။

စတုတ္ထစည်းမျဥ်း။ ။ လေ့ကျင့်ခြင်း။

သင်၏အသံထွက်တိုးတက်စေရန်အတွက် လေ့ကျင့်သည့်နည်းလမ်းများရှိသည်။ ဥပမာ – ဇာတ်ညွှန်းဖတ်သည့်အချိန်တွင် သင်၏အပေါ်နှင့် အောက်သွားအကြားတွင် ခဲတံကိုက်၍ဖတ်ခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အသံထွက်ရာတွင်ရှင်းလင်းလာစေပြီး နှုတ်ခမ်းကြွက်သားများ ကောင်းမွန်လာစေသည်။ သင်ပြောနေသည်ကို အသံဖမ်းပြီး ပြန်နားထောင်စစ်ဆေးကြည့်ပါ။ သရုပ်ဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ သင်၏အယ်ဒီတာချုပ် စသူတို့ကို အကူအညီတောင်းပါ။ ရေဒီယိုသည် အများဖြင့်ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်၊ တိုးတက်ရန်အတွက် တစ်ဦးကို တစ်ဦး ကူညီရိုင်းပင်းရမည်။

ပဥ္စမစည်းမျဥ်း။ ။ သင်၏ပါးစပ်တွင်းတွင် စကားလုံးများထည့်ပါ။

ဤသည်မှာ ရေဒီယိုအလုပ်စတင်လုပ်ကိုင်သူများနှင့် ပရော်ဖက်ရှင်နယ်များအတွက် မဖြစ်မနေ လိုက်နာရန်စည်းမျဥ်းဖြစ်သည်။ ဤနည်းဖြင့်သင်၏ပါးစပ်နှင့် အသံကော့တ်များကိုသွေးပူစေသည်။ ထုတ်လွှင့်နေစဥ်အတွင်းတွင် သင့်ခေါင်းတွင်းတွင်ရှိသောစကားလုံးများသည် ရိုက်နှိပ်ပြီးသကဲ့သို့ အလိုအလျောက်စီးဆင်းလာမည်။ အချို့တင်ဆက်သူများသည် စတူဒီယိုတွင်း သို့မဝင်မှ ပါးစပ်ကို နှိပ်နယ်ပြီး ရေအနည်းငယ်သောက်ကာ လည်ချောင်းတွင်းသို့ဖုန်များဝင်ခြင်း မဖြစ်အောင် ရှောင်သည်။ ရေဒီယိုသည် အားကစားပြုလုပ်ခြင်းနှင့်တူသည်၊ ကွင်းထဲတွင်မပြေးမီ သွေးပူလေ့ကျင့်ခန်းလုပ်ရသည်။

ဆဌမစည်းမျဥ်း။ ။ မိုက်ကိုမစားပါနှင့်။

မိုက်ခွက်နှင့် သင်၏အကြားတွင် ၂၀ စင်တီမီတာခန့်ခွါထားရမည်။ နားကျပ်မှ နားရွက်တစ်ဖက်ကို အပြင်တွင်ပြောနေသည့်အတိုင်းကြားနိုင်အောင်လွတ်ထားပါ။ အခြားတစ်ဖက်ကို စကားများ လက်ခံရန်နှင့် သင်၏အသံကိုစစ်ဆေးရန်ထားပါ။