Menu

06.၆။ ရင်းမြစ်အမြောက်အများအသုံးပြုခြင်း။

အင်တာနက်၏ အဓိက တီထွင်ဆန်းသစ်မှုကြီးများထဲမှ တစ်ခုမှာ ဝက်ဆိုက်အသုံးပြုသူများကို သတင်းယူဆောင်ပေးလာသူများအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းဖြစ်သည်။ ထိုအရာသည် သူ့အတွက် သတင်းပြုလုပ်ရာတွင် နေရာအသစ်ပေးလိုက်ခြင်းလည်းဖြစ်သည်။ သတင်းသမားအတွက်လည်း ဤအရာသည် စာဖတ်သူနှင့် ဆက်ဆံရေးသစ်များ ဖန်တီးရန်အတွက် အခွင့်အရေးဖြစ်သည်။

ဆက်ဆံရေးအသစ်များ။ ။ ပိရိမစ်ဆီမှ ကြယ်တံခွန်ဆီသို့

အင်တာနက်မပေါ်မီအချိန်များတွင် သတင်းသမားနှင့် စာဖတ်သူ၏ ဆက်ဆံရေးမှာ ပိရိမတ်ပုံစံ ဆက်ဆံရေးမျှသာဖြစ်သည်။ သတင်းသမားမှသာ စာဖတ်သူထံဆက်သွယ်သည့် တစ်ဖက်သတ် ဆက်ဆံရေးဖြစ်ခဲ့သည်။

အင်တာနက်ကြောင့်ပင် ပိရိမစ်တစ်ခုသည် ကြယ်တံခွန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လူတိုင်းသည် သတင်းကို ယူဆောင်တင်ဆက်လာနိုင်ပြီး စာဖတ်သူများသည်လည်း သတင်းသမားများနှင့် အချိန်မရွေး တိုက်ရိုက်ဆက်သွယ်နိုင်ပြီဖြစ်သည်။

ဤတိုးတက်ပြောင်းလဲမှုသည် သတင်းသမားများအတွက် အကြီးမားဆုံးပြောင်းလဲမှုကြီးဟု ဆို၍ရနိုင် ပေသည်။ ထိုပြောင်းလဲမှုကြီးသည် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ စသည်တို့အပေါ်တွင်လည်းသက်ရောက်မှုရှိခဲ့သည်။ ယနေ့ခေတ်ကြီးတွင် လူတိုင်းသည် ကြားခံနယ်တစ်ခုဖြစ်လာနိုင်ချေရှိသောကြောင့် သတင်းသမားများသည်လည်း ထိုအရာကို အသုံးတည့် အောင်ပြုလုပ်ရမည်။

ရင်းမြစ်အမြောက်အများကို အသုံးပြုခြင်းဆိုတာဘာလဲ။

ရင်းမြစ်အမြောက်အများကိုအသုံးပြုရန်အတွက် ပထမဦးဆုံးနည်းလမ်းမှာ သင့်ရပ်ရွာအဝန်းအဝိုင်းကို အသုံးပြုပြီး သင့်လျော်မှုရှိသည့် သတင်းများကို ရွေးချယ်ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ နေ့စဥ်သတင်းစာ The Guardian သည် ၎င်း၏ စာဖတ်သူများကို လွှတ်တော်ကိုယ်စားလှယ်များ၏ အသုံးစရိတ်များစာရင်း စာမျက်နှာပေါင်း ၄၅၈,၀၀၀ ကို ကူညီစစ်ဆေးစေခဲ့သည်။ လူပေါင်း ၂၈,၀၀၀ ကျော်ပါဝင်ကူညီခဲ့ကြသည်။ ဤနည်းလမ်းသည် လူသိများလာပြီး လူမှုကွန်ယက်များသည်ကြီးမားလာသည်နှင့်အမျှ နေ့စဥ်ဝက်ဆိုက် ပေါ်တွင် ထုတ်လွှင့်နေသော အချက်အလက်များသည်လည်း ပို၍ပင်ကြီးမားလာသည်။ ဥပမာ နေ့စဥ်သတင်းစာတစ်ခု၏ စာမျက်နှာတစ်မျက်နှာမှ ထုတ်လုပ်နေသော အချက်အလက်မှာ ၁ Mo (၁၀ မှ ၆ octets) အထိရှိလာခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် Twitter အသုံးပြုသူများ တစ်နေ့လျှင်ထုတ်လုပ်နေသော အချက်အလက်အရေအတွက်မှာ ၇၀ To (၁၀ မှ ၁၂ octets) အထိရှိခဲ့သည်။

ရင်းမြစ်အမြောက်အများပါဝင်နိုင်စေသည့် ဒုတိယနည်းလမ်းမှာ စာဖတ်သူများ သိရှိထားသော သတင်းအစိတ်အပိုင်းများ ပေးပို့စေခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ထိုကဲ့သို့သော ဦးဆောင်မှုမျိုးကို လာဘ်စားမှုများသည် ပြည်သူလူထု၏ နေ့စဥ်ဘဝအပေါ်မည်ကဲ့သို့ သက်ရောက်မှုရှိနေသည်ကို ပိုမိုနားလည် သဘောပေါက်စေရန်ပြုလုပ်ခဲ့သည်။ Ipaidabribe.com ဟူသည့်ဝက်ဆိုက်ကို အသုံးပြုသူများသည် အမည်မဖော်ဘဲ မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သူကို လာဘ်ပေးခဲ့ရကြောင်း ပြောပြနိုင်သည်။ ထိုအချက်အလက်များထည့်သွင်းမှုသည် အိန္ဒိယနိုင်ငံရှိမြို့များတွင် လာဘ်စားမှုများ မည်မျှ ဆိုးရွားနေကြောင်း နေ့စဥ်ပြည်သူများကြုံတွေ့နေရမှုများဖြင့် ပုံဖော်နိုင်ပြီး ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်နိုင်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဒေသခံအာဏာပိုင်များ၏ နိုင်ငံရေးကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပေးနိုင်ပေမည်။

သတင်းတင်ဆက်ခြင်းအတွက် အရင်းအမြစ်များစွာအသုံးပြုခြင်း

စာဖတ်ပရိသတ်များပါဝင်မှု၏ အခြားတစ်ဖက်သည် သတင်းတင်ဆက်ရန်အတွက် ငွေကြေးထောက်ပံ့မှုများ နှင့် ပတ်သက်မှုရှိသည်။ သတင်းသမားများ သတင်းတင်ဆက်မှုများအတွက် ငွေကြေးထောက်ပံ့ပေးသော ဦးဆောင်လှုပ်ရှားမှု အမြောက်အများသည်လည်း အလှူရှင်များ၏ အကူအညီဖြင့်ထွက်ပေါ်လာခဲ့သည်။ အများပါဝင်ငွေကြေးထည့်ဝင်ပြီး ပြုလုပ်သော သတင်းများသည် ယေဘုယျ သတင်းများအပေါ်တွင် အသုံးဝင်မှု ကြီးကြီးမားမားမရှိလှချေ။ မည်သို့ပင်ဆိုစေ spot.us ကဲ့သို့သော စမ်းသပ်မှုများသည် စိတ်ဝင်စားစရာကောင်းပါသည်။